Main Menu
  • မူလစာမျက်နှာ
  • ထေရုပ္ပတ္တိအကျဉ်း
  • တရားတော်အသံဖိုင်များ
  • တရားတော်ရုပ်သံဖိုင်များ
  • ဓမ္မစာအုပ်များ
  • တရားတော်စာမူများ
  • တရားတော်မှတ်စုတိုများ
  • ပဋိစ္စသမုပ္ပာဒ် ဉာတပရိညာသင်ခန်းစာ
  • မှတ်တမ်းဓာတ်ပုံများ
  • ရေးသားမျှဝေမှုများ(ဝင်းမြင့်)
  • Forum
Hosting Donated By
dnthitsartayar
ကျန်းမာအေးမြကြပါစေ

သစ်သားတုံး ဥပမာဖြင့် နိဗ္ဗာန်လမ်း ညွှန်ကြားပြဆို

ရွှေဘုန်းတော်သခင် ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် သစ်သားတုံး ဥပမာဖြင့် နိဗ္ဗာန်းလမ်း ညွှန်ကြားပြဆိုခဲ့သော ဒေသနာတော်မြတ်ကို -
မတ်လ (၂၁)ရက်နေ့ စင်္ကာပူစံတော်ချိန် ညနေ ၅း၄၅ တွင် ဗန်းမော်ဆရာတော်ဘုရားကြီးမှ နိဗ္ဗာန်တံခါးဖွင့်ခြင်း အမည်ဖြင့် ဟောကြားချီးမြှင့်ခဲ့ပါသည်။
ထိုတရားဒသနာတော်ကို ကြားနာခဲ့ရသော ကျွန်တော်သည် အောက်ပါအတိုင်း နှလုံးသွင်းမှတ်သား၍ မျှဝေပါမည်။

ဘုန်းတော်ကြီးမား ရှင်တော်မြတ်ဘုရားသည် .... ဂင်္ဂါမြစ်၌ အထက်မှ စုံချီ မျှောပါလာသော သစ်သားတုံးကြီးကို ညွှန်ပြ၍ သံသရာဘေးကို ရှုမြင်ကာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုကြသော တပည့်သံဃာ ဒကာ ဒကာမ များကို  အောက်ပါတရားတော်ကို ဟောညွှန်ပြတော်မူပါတယ်...

ဤသစ်တုံးသည် (၈) ချက်သော အခြင်းအရာ ဘေးမှ ကင်းဝေး လွတ်မြောက်ပါက ပင်လယ်သမုဒ္ဒရာသို့ ဧကန် ထုတ်ချောက် အရောက် ခရီးပေါက်မည်။
ထို (၈) ချက်သော အခြင်းအရာ ဘေးအန္တရယ်မှ လွတ်မြောက်ခြင်းဆိုသည်မှာ -
(၁) ဒီဖက်ကမ်းသို့ မကပ်ရောက်လျင်
(၂) ဟိုဖက်ကမ်းသို့ မကပ်ရောက်လျင်
(၃) ရေလယ်၌ နစ်မြုပ်ခြင်းသို့ မကျရောက်လျင်
(၄) သောင် မတင်ခဲ့လျင်
(၅) လူအများ ဆယ်ယူခြင်း မခံရလျင်
(၆) နတ်ဘီလူးများ ဆယ်ယူခြင်း မခံရလျင်
(၇) ဝဲဂယက်သို့ မကျရောက်လျင်
(၈) အတွင်း၌ ပုပ်ဆွေးခြင်းသို့ မကျရောက်လျင်
တို့ဖြစ်သည်။
ဤသို့ နိဗ္ဗာန်ကို ရည်ညွှန်းပြဆိုသော ပင်လယ်သမုဒ္ဒရာ နှင့် နိဗ္ဗာန်သို့ ထုတ်ချောက် ခရီးပေါက်လိုလျင် အထက်ပါ ဘေးအခြင်းအရာ(၈)ချက်မှ လွတ်မြောက် ကင်းဝေးရမည်ကို
ရှေးဦးစွာ မှတ်ယူ၍ ထို အခြင်းအရာ (၈)ချက်မှာ ဘာကိုဆိုလိုသည်ကို ထပ်မံ၍ ဖတ်မှတ်ကြစို့...
၁) အတွင်း အာယတန ခြောက်ပါး (မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊စိတ် - ၌ လိုလောဘ ၊ မလိုဒေါသနှင့် ငြိတွယ်ခြင်းကို ဆို) = ဒါသည် (၁) ဒီဖက်ကမ်းသို့ ကပ်ရောက်ခြင်း။
၂) အပြင် အာယတန ခြောက်ပါး (အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ အတွေး/အကြံ ၌ လိုလောဘ ၊ မလိုဒေါသနှင့် ငြိတွယ်ခြင်းကို ဆို) = ဒါသည် (၂) ဟိုဖက်ကမ်းသို့ ကပ်ရောက်ခြင်း။
၃) နန္ဒီရာဂ ( အာရုံတစ်ပါးပါး၌ မရမနေ အရူးအမူး တမ်းတမ်းစွဲ ဖြစ်သော တရား) = ဒါသည် (၃) ရေလယ်၌ နစ်မြုပ်ခြင်း။
၎) မာန ( ထောင်လွှား မောက်မာ ဝင့်ကြွား ဘာမထီ) - ဒါသည် (၄) သောင်ကမ်း၌ တင်သွားခြင်း။
၅) များစွာသော လူမှုကိစ္စအထွေထွေ နှင့် တကုတ်ကုတ်ဖြင့် အလုပ်ရှုပ်ထွေးနေခြင်း - ဒါသည် (၅) လူအများ ဆယ်ယူခြင်းကို ခံရခြင်း။
၆)ဘုံ ဘဝ တောင်းတပြီး ပြုတဲ့ကုသိုလ် ( ဒါန၊သီလကို ဘုံ ဘဝ = ဒုက္ခသစ္စာဟု မသိခြင်း - အဝိဇ္ဇာနှင့် ထိုမသိမှုဖြင့် အကန်း ကြိုက် ကြိုက် နေသော တမ်းတမ်းစွဲ မက်မောနေသော တဏှာ ခြံရံပြီးတော့ ပြုတာ - ထို အဝိဇ္ဇာ-တဏှာတို့ရဲ့ လေသံက ဘယ်လိုတုံးဆိုတော့ - ဤသို့ပြုရ ကုသိုလ်ကောင်းမှုကံ စေတနာကြောင့် နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာကို တဝကြီး ခံစား စံစားကြရပါလို၏ ) - ဒါသည် (၆) နတ်ဘီလူးများ ဆယ်ယူဖမ်းဆီးခံရခြင်း။
၇) ငါးပါးသော ကာမဂုဏ်အာရုံ၌ မက်မော ဆာလောင် သာယာ နေခြင်း။ ဒါသည် (၇) ဝဲဂယက်သို့ ကျရောက်ခြင်း။
ဂ) သီလပျက်ယွင်း အကျင့်ပျက်စီးခြင်း။ ဒါသည် (၈) အတွင်း၌ ပုပ်ဆွေးသွားခြင်း။

ဆရာတော်ကြီး စပ်ဆိုထားသော လင်္ကာကို ကျက်မှတ် မှတ်သား နှလုံးသွင်းကြပါစို့...

ဒီကမ်းဟိုကမ်း ငြိစွန်းမတင်
ရေလယ်မမြုပ် သောင်ငုတ်မတင်
လူနတ်ဆယ်မယ့် ဝဲလှည့်ကင်းစင်
တွင်းပုတ်မှု ကင်းပြုပင်လယ်ဝင်...

ဒီကမ်းဟိုကမ်း ငြိစွန်းမတင်
ရေလယ်မမြုပ် သောင်ငုတ်မတင်
လူနတ်ဆယ်မယ့် ဝဲလှည့်ကင်းစင်
တွင်းပုတ်မှု ကင်းပြုနိဗ္ဗာန်ဝင်...

မျက်စိနှင့်နား နှာဖျားလျှာကိုယ်
စိတ်ဓာတ်ခြောက်ခန်း ဒီကမ်းမိန့်ဆို

ဆင်းသံနံ့များ စားရသာထို
တွေ့သဘော မိန့်ဟောဟိုကမ်းဆို

နန္ဒီရာဂ မြုပ်ကြရေလယ်
ကုန်းပေါ်တင်ငြား ထောင်လွှားမာန်ကြွယ်

လူမှုကိစ္စ များလှလူထည်
နတ်ပြည်မှန်း နတ်ဖမ်းခံရတယ်

အာရုံငါးချက် ဝဲဂယက်တွေ
ဝေးကာရှောင်ရှား ရှုပွားနိုင်စေ

သီလပျက်ယွင်း တွင်းပုပ်ဆွေးလေ
ဤရှစ်ချက် ဖယ်ထွက်နိုင်ကြစေ..

---
နိဗ္ဗာန်အောင်မြို့ ရောက်ဖို့သေချာ
မဂ္ဂင်ဖောင်ကြီး တက်စီးကြပါ
သီလ သမာဓိ ပွားသည့်ပညာ
ဟိုဒီကမ်း ငြိစွမ်းမတင်ရာ
--

ဤသို့ ဘေးအန္တရယ် (၈)သွယ်သော အခြင်းအရာမှ လွတ်မြောက်အောင် ဝိပဿနာမဂ္ဂင်ဖောင်ဖြင့် နိဗ္ဗာန်အရောက် ခရီးပေါက်အောင် ကြိုးစားရမည်ကို ပြဆိုခန်း...
ဓာတ်(၁၈)ပါး ပွားများကြလေရာ... အနိစ္စနုပဿနာ၊ ဒုက္ခနုပဿနာ၊ အနတ္တနုပဿနာ...( နိဗ္ဗာန်တံခါးဖွင့်ရန် သော့သုံးချောင်း)

မျက်စိ အဆင်း ကြောင်းရင်းနှစ်ဖြာ မြင်စိတ်တရား ဖြစ်ပွားပေါ်လာ
ဖြစ်ပြီးပျက်ရ အနိစ္စပါ
ဖြစ်ပျက်မှု ရှုကြ ဖန်ခါခါ

နား အသံဓာတ် ရိုက်ခတ်ကုန်လာ ကြားစိတ်တရား ဖြစ်ပွားပေါ်လာ
ဖြစ်ပြီးပျက်ရ အနိစ္စပါ
ဖြစ်ပျက်မှု ရှုကြ ဖန်ခါခါ

နှာခေါင်း အနံ့ သင်းပျံ့ဝင်လာ နံစိတ်တရား ဖြစ်ပွားပေါ်လာ
ဖြစ်ပြီးပျက်ရ အနိစ္စပါ
ဖြစ်ပျက်မှု ရှုကြ ဖန်ခါခါ

လျှာ အရသာ စားကြထွေလာ လျက်စိတ်တရား ဖြစ်ပွားပေါ်လာ
ဖြစ်ပြီးပျက်ရ အနိစ္စပါ
ဖြစ်ပျက်မှု ရှုကြ ဖန်ခါခါ

ကိုယ် အတွေ့ဓာတ် ထိခတ်လေရာ ထိစိတ်တရား ဖြစ်ပွားပေါ်လာ
ဖြစ်ပြီးပျက်ရ အနိစ္စပါ
ဖြစ်ပျက်မှု ရှုကြ ဖန်ခါခါ

မနော သဘော ထင်လာသောအခါ တွေးစိတ်တရား ဖြစ်ပွားပေါ်လာ
ဖြစ်ပြီးပျက်ရ အနိစ္စပါ
ဖြစ်ပျက်မှု ရှုကြ ဖန်ခါခါ

ဖြစ်ပျက်ဟူသမျှ ဒုက္ခသစ္စာ
လိုချင်လောဘ သမုဒယသစ္စာ
ဖြစ်ပျက်ချုပ်က နိရောဓသာ
ဖြစ်ပျက်မှု ရှုကြ မဂ္ဂသာ

ဤလင်္ကာကို အရကျက်မှတ်၍ ထင်ရှားပေါ်ရာ ခန္ဓာဉာဏ်စိုက်၍  ဖြစ်ပေါ်ခိုက် ဓမ္မနောက် ဆင်ခြင်ဉာဏ်လိုက်ကာ ရှုမြင်သုံးသပ်မှုကို အဖန်အဖန်အခါခါ ဝီရယစိုက်၍ ပွားများကြလျင် အမှန်ပင် နိဗ္ဗာန်ဝင်။

ဤသို့ မတ်လ (၂၁)ရက်နေ့ စင်္ကာပူစံတော်ချိန် ညနေ ၅း၄၅ တွင် ဗန်းမောင်ဆရာတော်ဘုရားကြီး ဟောကြားသော တရားတော်မှတ်စုကို ထပ်ဆင့်၍ နှလုံးသွင်း ရေးသား မျှဝေရခြင်း ကုသိုလ်ကောင်းမှုကြောင့် ဤကောင်းမှု ဓမ္မဒါနကုသိုလ်ကံသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရွက်ဆောင်နိုင်သည် ဖြစ်ပါစေသတည်း။
ရိုသေလေးစားစွာဖြင့်
ဝင်းမြင့်
http://thitsartayar.com
 

Copyright © 2010 Thitsartayar.Com
Donated by: Saydanarshinmalay Designed by: Thitsartayar.com